မြန်မာ စစ်တုရင် အကြောင်း တစေ့တစောင်း

(ရိုးရာအားကစား)

ဇန်န၀ါရီ (၃) ရက်က ရေစကြိုမြို့ အမှတ် (၈) ဇေယျဝတီ ရပ်ကွက် ဗလငါးတန် စာကြည့်သင်းမှ ကြီးမှူး၍ တိမ်မြုပ်ပျောက်ကွယ်လု နီးပါး မြန်မ့ာ စစ်တု ရင်ကို ပြန်လည်ရှင်သန် စေရန်အတွက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အားကစားပြိုင်ပွဲများတွင် ထည့်သွင်း ကျင်းပပေးခြင်း ဖြစ်ပြီး ၁၉၇၅-၁၉၇၆ ခုနှ စ်လောက် ကတည်းက

ရေစကြိုမြို့မှာ ရေပန်းစားခဲ့တဲ့ မြန်မာ စစ်တုရင် ကစားနည်း ဖြစ်ကြောင်း သိရသည်။ အဲဒီ အချိန် ကတော့ ဆရာဟန်နှင့် ဦးတင် လှ (သွားစိုက် )တို့ ကစားနေတာကို ဘေးကကြည့်ပြီး အားကျ မိခဲ့သည်။ ယခုမှ အသစ် အဆန်း သဖွယ် ပြန်လည်မြင်ခွင့် ရရှိခြင်းကြောင့် စစ်တုရင် ရုပ် များကို ထုလုပ်သူ ကိုယ်တိုင် လည်း နှစ်ပေါင်း ၄ဝ ခန့် ကစားနေသူ အသက် ၇၆ နှစ်ရှိ ဦးစိန်ဝင်း (ဦးစီးမှူး-မွေး/ကု-ငြိမ်း) အား တွေ့ဆုံ မေးမြန်း ခဲ့သည်။

မေး ။ အရုပ်တွေကို ဘယ်လိုအသားနဲ့ ထုလုပ်ရတယ်ဆိုတာနဲ့ ထုလုပ်ပုံ စနစ်ကို သိပါရစေ ခင်ဗျား။

ဖြေ ။ အရုပ်ထုတဲ့ အသားက ယမနေသား၊ သရက်သား အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီကစား နည်းက စိတ်ကိုနှစ်ပြီး စဉ်းစဉ်းစားစားနဲ့ ဈာန်ဝင်ပြီး ကစားကြရတာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ် ယောက် အပြောအချေ တွေနဲ့ ကစားရင်း ''ခွေ'' ဆိုတဲ့ အသံနဲ့ အတူ ''ဒုန်း'' ဆိုပြီး အားရ ပါးရ ပစ်ချကစားတာ ဆိုတော့ အပွန်းအပဲ့ အထုခံနိုင်တဲ့ ယမနေနဲ့ သရက်သားကို ထုတာပါ။

ထလုပုံကတော့ စစ်သည်တော် ရုပ်ဆိုရင် ညာဒူးထောင၊် ဘယ်ဒူး လွဲနေပုံ ထုရပါတယ်။ ဘုရင်ပုံကိုတော့ မင်းဝတ်တန်ဆာ အစုံအလင်နဲ့ သံလျက်ပိုက်ပြီး တင်ပျဉ်ခွေထိုင်းနေပုံ ထုရပါတယ်။

မြင်းကြပြန်တော့ မြင်းရုပ်နဲ့ ကျောပေါ်မှာ စစ်သည်တော်ပုံနဲ့ ထုရပါတယ်။ ဆင်ရုပ်ဆိုရင်လည်း စစ်ထွက် စစ်အင်္ဂါနဲ့ အညီ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ပြီးေ ကျာပေါ်မှာ စစ်သည်တော်ပုံနဲ့ ထုရပါတယ်။ စစ်ကဲဆိုတော့ ထိုင်လျက် ဓားထမ်းတဲ့ပုံ ထုရပါတယ်။ ရထားကိုတော့ ပန်းရထားပုံ တန်ဆာရုံနဲ့ ထုရပါတယ။် စစ်အင်္ဂါ လေးပါး ဖြစ်တဲ့  စစ်ကဲ၊ ဆင်၊ မြင်း ၊ရထားကို အခြေခံ ထားထုခြင်း ဖြစ်ပါ တယ်။ အင်္ဂလိပ် စစ်တုရင်မှာလည်း ကွင်း၊ နိုက်(စ်)၊ ဘစ်ရှော့၊ ကတ်စ တယ် စတဲ့ဟာနဲ့ တူပါတယ်။

မေး ။ ကစားနည်းစည်းကမ်း၊ အရုပ် အရေအတွက်၊ လှုပ်ရှားရွှေ့ပြောင်းပုံ စည်းမျဉ်းများကိုလည်း သိပါရစေ။

ဖြေ ။ အရုပ် အရေအတွက်က စပြောမယ်ဗျာ။ နယ်လို့ခေါ်တဲ့ စစ်သည်တော် ရုပ်က ၈ ရုပ်၊ မြင်းရုပ်က ၂ ရုပ်၊ ဆင်ရုပ်က ၂ ရုပ်၊ စစ်ကဲက ၁ ရုပ်၊ ရထားက ၂ ရုပ်၊ မင်းကြီးက ၁ ရုပ်၊ စုစုပေါင်း ၁၆ ရုပ် ရှိတယ်။ စည်းကမ်းက အင်္ဂလိပ် စစ်တုရင် အရုပ်စီရင် ကစားသူ နှစ်ဦး ဒီအတိုင်း ကိုယ့်အရုပ်ကို စီတာ ပဲ။ မြန်မာ စစ်တုရင်က ဒီလိုမ ဟုတ်ဘူး၊ တစ်ဖက်နဲ့ တစ်ဖက်စီတာ မသိအောင် အလယ်က ကာထားရတယ်။ အရုပ်တွေကတော့ သူ့နေရာနဲ့ သူ စီတာပေါ့။ ဒါပေမဲ့ ဘုရင်ကို ဘယ်အကွက်မှာ ထားတယ်ဆိုတာ မသိရအောင် ကာထားတာဖြစ်ပါတယ်။

ဒါမြန်မာ စစ်တုရင်ရဲ့ ထူးခြားတဲ့ စည်းကမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အရုပ်ရွှေ့တဲ့ နည်းစနစ်က အင်္ဂလိပ် စစ်တုရင် နဲ့ မြန်မာ စစ်တုရင် ကစားကွက် ရွှေ့ တဲ့နည်းချင်း တူတာကတော့ မြင်း၊ ရထား၊ ဘုရင်ကြီး၊ စစ်သည်တော်တွေ ဖြစ်ပါတယ်။ မတူတာက မြန်မာ စစ်တုရင်မှာ ဆင်ကရှေ့ သုံးကွက်၊ နောက်နှစ် ကွက်ပဲ ရွှေ့ရတယ်။ စစ်ကဲက ရှေ့တစ်ကွက်၊ နောက်တစ်ကွက်၊ ထောင်လိုက်တစ်ကွက်ပဲ ရွှေ့ရတယ်။ ဘုရင်ကြီးက ပတ်လည် ၉ ကွက် ရွှေ့လို့ရတယ်။ ပြိုင်ပွဲ ကစားနေစဉ်မှာ တစ်ရုပ်ထဲပဲ ကျန်တဲ့ စစ်သည်တော်ရုပ်က တစ်ဖက်နယ်ထဲ ရောက်ရင် ထောင့်တန်း မျဉ်းပေါ်ရောက်ရင် စစ်ကဲရုပ်နဲ့ လဲခွင့် ရှိပါ တယ်။

မေး ။ အခုပြိုင်ပွဲမှာ မျိုးဆက်သစ်တွေ ပါဝင်ယှဉ်ပြိုင်တာ ရှိပါသလား ခင်ဗျား။

ဖြေ ။ ရှိပါတယ်။ သူတို့တွေ စိတ်ဝင်စားကြ ပါတယ်။ အရုပ်တွေကလည်း သူတို့အမြင်မှာ ထူးဆန်း နေတယ် လေ။ သင်ယူချင်သူတွေ များပါတယ်။

မေး ။ အခြားပြောချင်တာများ ရှိရင် သိပါရစေ ခင်ဗျား။

ဖြေ ။ မြန်မာ စစ်တုရင်ဆိုတာ ရှေးယခင်ကတည်းက ကစားခဲ့ကြတဲ့ မြန်မာတို့ရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု ရိုးရာ ကစားနည်းပါ။ ယခုတော့ ပျောက်ကွယ်လု နီးနီး ဖြစ်နေတာပေါ့။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဖို့ လိုပါ တယ်။ ကျွန်တော်တို့လည်း တတ်နိုင်တဲ့ဘက်ကနေ ဖော်ထုတ်နေပါတယ်။ ကျွန်တော် ငယ်ငယ်က လူကြီးတွေ ကစားနေတာကို ဘေးက ထိုင်ကြည့်ရတဲ့ အချိန်က စာတန်းလေး တစ်ခု အမှတ်ရလို့ ပြောရအုံးမယ်။ ''သင့် ဥာဏ်ရည်ကို တိုး တက်စေဖို့ စစ်တုရင်ကို ကစားစို့'' ဆိုတဲ့ စာတန်းပါပဲ။ တကယ့်ကို အကြံဥာဏ်တွေကို ထုတ် သုံး စဉ်းစဉ်းစားစားနဲ့ ကစားရသလို တကယ့် စစ်မြေပြင်မှာ စစ်တိုက် နေသလိုမျိုး စဉ်းစား သုံးသပ်ပြီး ကစားရတဲ့ ကစားနည်း ဖြစ်လို့ မျိုးဆက်သစ်များ လေ့လာလိုက်စား တန်ဖိုးထား ကစားကြဖို့ တိုက်တွန်းချင်ပါ တယ် ခင်ဗျား။

မြန်မာ စစ်တုရင် ကစားခြင်းသည် စိတ်ဓာတ် ခွန်အားကို ဖြစ်စေပြီး ဥာဏ်ရည်တိုးတက် မြင့်မားမှု ကိုပါ အထောက်အကူပြုသော ကစားနည်း ဖြစ်သ လို မြန်မာတို့၏ ရိုးရာစစ်စစ် ကစားနည်းလည်း ဖြစ်တာမို့ ပြန်လည် ဖော်ထုတ်သူ၊ လေ့လာလိုက်စား ကစားသူတွေ၊ ဂုဏ်ယူစွာ ဖော်ထုတ် ကစားသူတွေ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်သန်လျက် တွေ့ဆုံမေးမြန်း မှတ်တမ်းပြု ရေးသားလိုက်ရ ပါသည်။ ။

ဖေထွဏ်းဇော် (ရေစကြို)

 

 

 

Read 898 times
Rate this item
(0 votes)